ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး မြေစိုက်ပိုစတာစိုက်ထူဆောင်ရွက်

မကွေး စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို မကွေးမြို့ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့်၌ ယမန်နေ့ နံနက် ၈ နာရီက စိုက်ထူခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ မကွေးတိုင်းဒေသကြီး ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် အလင်းတန်း ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး မြေစိုက် ပိုစတာ စိုက်ထူခြင်းကို မကွေးတိုင်းဒေသကြီး ခရိုင်(၅)ခရိုင်မြို့ကြီးများနှင့် ချောက်မြို့၊ မင်းလှမြို့ တို့တွင် ဆောင်ရွက်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ထုတ်ဝေသည့် အလင်းတန်း ပညာပေးလက်ကမ်းစာစောင် စောင်ရေ (၁၃၀၀၀)ကို အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်ပိုစတာတွင် ကလေးအလုပ်သမားများနှင့်ပတ်သက်ပြီး အလုပ်ရှင်များအား သင်အလုပ်ခန့်မည့် ကလေးများသည် ၁၄ နှစ်ပြည့်ပြီး ဖြစ်ပါစေ၊ ကလေးများအား အကြမ်းဖက်ခံရမှုမှ အကာအကွယ်ပေးပါ၊ အလုပ်လုပ်သော ကလေးများ အနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာ ဆက်လက်သင်ယူရန် တိုက်တွန်းပြီး စီစဉ်ပေးပါ၊ ကျန်းမာရေးနှင့် စာရိတ္တကို ထိခိုက်စေပြီး ဘေးကင်းမှုမရှိသော အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် ကလေးများကို အလုပ်မခိုင်းစေရပါ စသည့် အသိပေးချက်များနှင့် ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်ဖြစ်သည့် (၁) မြန်မာနိုင်ငံ တွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု အထူးသဖြင့် အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှုအား လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန် (၂) ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်ပေးရန်၊ (၃)အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် အလုပ်သမား များအား ဖယ်ရှားပြီး သင့်လျှော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေး ပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်တို့ ဖော်ပြပါရှိကြောင်း သိရသည်။

ကလေးသူငယ်ဘ၀ ဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံတွင် အသက်(၁၈)နှစ်အောက် လူဦးရေသည် နိုင်ငံလူဦးရေ၏ ၃၃.၈၃ ရာခိုင်နှုန်းခန့်ရှိပြီး မြို့ပြ၌ ၈.၈၅ ရာခိုင်နှုန်း၊ကျေးလက်၌ ၂၄.၉၈ ရာခိုင်နှုန်းရှိသဖြင့် ကလေးဦးရေ များပြားသည့် နိုင်ငံဖြစ်သောကြောင့် ကလေးငယ်များနှင့် လူငယ်များကို စီးပွားရေးအရ အမြတ်ထုတ်ခံရခြင်း အချိန်မတိုင်မှီ ကျောင်းထွက်ရခြင်း၊ အန္တရာယ် ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် ကျွမ်းကျင်မှု နှင့် အလုပ်အကိုင်ရရှိမှု မြှင့်တင်ပေးခြင်း၊ ပညာရေးတွင် ရင်းနှီးမြှပ်နှံခြင်း၊ လူငယ်များ အလုပ်အကိုင် ရရှိရေး အလေးထားဆောင်ရွက်ပေးခြင်း ဘေးကင်းသည့် ရွှေ့ပြောင်းလုပ်ကိုင်ခြင်းတို့နှင့် ပတ်သက်၍ အရေးကြီးသည့် မူဝါဒရေးရာနှင့် လူမှုစီးပွားရေး ဦးစားပေးမှုများ (Socio-economic Priorities) ကို သတ်မှတ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အရ သိရှိရပါသည်။

သန်းနိုင်ဦး(ငဖဲ)