ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၂) ပြုလုပ်

ဂန့်ဂေါ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ခရိုင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား/သူများ၏ ကျန်းမာရေးကို အလေးထားပြီး ကိုဗစ် ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်ကြီး၏ ဘုရားခန်းနှင့် ပင်မဆောင်အကြားရှိ အမိုးပြုပြင်ပြီးစီးသည့် အခြေအနေများ၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ဩဂုတ်လ တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများ၊ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊  ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေး အခြေအနေများ၊ ဌာနအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)