ဇလွန်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဇလွန် စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက အ.ထ.က မေရီလန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက “စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က “လူငယ်နှင့် ခေါင်းဆောင်မှုအကြောင်း သိကောင်းစရာများ” နှင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန် “အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ” ကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာလေးမွန်ကြည်က “ခွေးရူး ရောဂါ ကာကွယ်တားဆီးရေး အကြောင်းအရာများ” ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇင်ဦးက “စားသုံးရန်မသင့်သည့် အစားအစာများနှင့် စားသုံးရန်မသင့်သည့် အကြောင်းအရာများ” ကို အသိပညာပေး ဟောပြောခဲ့ကြသည်။ ထို့နောက်  အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားပစ္စည်းများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသုံးကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(ဇလွန်ပြန်/ဆက်)