မြိတ် စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် နေအိမ်ပြင်ပသွားလာသူများအား နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက လမ်းမကြီးများ၊ လမ်းဆုံများ၊ ဈေးနှင့် လူစည်ကားရာနေရာများတွင် Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြပြီး အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ယခုလတွင် ရောဂါပိုးတွေ့ရှိသူ ပိုမိုများပြားလာခဲ့ပြီး မြိတ်မြို့ရှိ ပြည်သူလူထုများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်နိုင် စေရန်အတွက် နေအိမ်ပြင်ပသွားလာသူများ၊ လူစည်ကားသည့် နေရာများနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင် သွားလာကြရန်နှင့် ကိုဗစ် ကာကွယ်ရေး နည်းလမ်းများအတိုင်း သွားလာနေထိုင်ကြစေရန်အတွက် အသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ကန်ကြီးရပ်ကွက် ကမ်းနားလမ်းကဏန်းရုပ်လမ်းဆုံနှင့် နောက်လယ်ရပ်ကွက် (၇) လမ်း လမ်းဆုံမီးပွိုင့်၊ ပိတောက်ရွှေဝါလမ်းမကြီး၊ နောက်လယ် ဈေး၊ တောစက်လှေဆိပ်နှင့် လူစည်ကားရာ နေရာများတွင်ပြုလုပ်၍ ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုး ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့ ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြပြီး ကိုဗစ် ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)