စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တတိယအကြိမ် Covid Sinovac ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

စလင်း စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြသည့် အသက် ၁၈နှစ်အောက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာပညာသင်ကြားနိုင်စေရန်အတွက် တတိယအကြိမ် Covid Sinovac ကာကွယ်ဆေးများ ထိုးနှံခြင်းကို ယမန်‌နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade 8 စာသင်ဆောင်တွင် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် စုရပ်ဖြစ်သည့် စလင်းအထက(၁)၊ အထက(၂)၊ ဆင်ဖြူကျွန်းမြို့ အထက(၁)ကျောင်းနှင့် ပြည်စိုးကုန်းအထက၊ မြောက်ရှားတောအထကကျောင်းတို့တွင် အုပ်စု (၅) စုခွဲ၍ ကာကွယ်ဆေးများထိုးနှံလျက်ရှိရာ ၂၀၂၂_၂၀၂၃ ပညာသင်နှစ်တွင် ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့တွင် စတင်ထိုးနှံခဲ့ရာ စလင်းမြို့ အခြေခံပညာ အမှတ်(၁)အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (G-7 တန်းမှ G-11 တန်းအထိ ထိုးနှံပြီးသူ (၃၀၁) ဦး ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် အုပ်စု (၅)စုခွဲ၍ ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးမျိုးသန့်၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သင်းသင်းမော်၊ သားဖွားဆရာမ ဒေါ်သင်းသင်းမွှေး၊ ဆရာမဒေါ်ဇင်မာညွန့်တို့က ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံရာတွင် အထက(၁)ကျောင်းမှ ဆရာ၊ ဆရာမများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေ လွယ်ကူစေရန် စာရင်းပြုစု မှတ်တမ်းရေးသွင်းခြင်းများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)