ပိုင်ကျုံ စက်တင်ဘာ ၁၅
နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ တည်ဆောက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အ.ထ.က ပိုင်ကျုံကျောင်းတွင် Steel Structure ဖြင့် (ပေ ၁၂၀× ပေ ၃၀) ရှိ တစ်ထပ်ကျောင်းဆောင်သစ်တစ်လုံး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၃၃.၂၀၀) သန်းဖြင့် ရှားမူလာကုမ္ပဏီမှ တာဝန်ရှိသူများတို့က ဇွန်လအတွင်းတွင် စတင်တည်ဆောက်ပေးလျက်ရှိပြီး သတ်မှတ်သည့်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် တာဝန်ခံအင်ဂျင်နီယာနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပါက အ.ထ.က ပိုင်ကျုံကျောင်းတွင် ပညာလေ့လာသင်ယူနေသည့် ကျောင်းသားလူငယ်များအနေဖြင့် အဆင်ပြေစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)