လေးမျက်နှာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

လေးမျက်နှာ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ နံနက် ၈ နာရီက သဲနုကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ရှမ်းရွာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့်တွေ့ဆုံရာတွင် အဖွဲ့(၁)တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆိုင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သဲနုကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ အဖွဲ့(၂)တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှမ်းရွာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းတံတားနှင့် ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေး လုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးမှ တာဝန်ရှိသူများက ဆေးကုသပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster Dose)ထိုးနှံရန် ကျန်ရှိနေသော ကျေးရွာနေပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အိုင်သပြု-ငါးသိုင်းချောင်း ကားလမ်းမအား ၁၈ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ထုအခြေခံခင်းခြင်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အ.လ.က-စောပြာ အခြေခံပညာ အလယ်တန်းကျောင်း၊ အ.ထ.က-ရှမ်းရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ရှမ်းရွာ(မြောက်)အခြေခံပညာ မူလတန်းကျောင်း စာသင်ကြားနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဒေသအတွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ရန် ကျန်ရှိသော ကျေးရွာအုပ်စုများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)