ကြံခင်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မူလွန်မြို့မတောင်ကျောင်းရှိ အသက်(၅)နှစ်မှ(၉)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက် ၉ နာရီက ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးသည် ခြင်မှတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်အတွင်း ရောဂါပိုး ပျံ့နှံ့စေသော ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်ဆီးခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ရောဂါကုသနိုင်သည့် ဆေးဝါးမရှိသေးပဲ ပြင်းထန်သည့် ကူးစက်မှုများတွင် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှု မပြုလုပ်ပါက အသက်ဆုံးရှုံးရသည့်အထိ ဖြစ်နိုင်သလို၊ ပြန်ကောင်းလာသော လူနာများတွင် တစ်ဝက်ခန့်နားလေးခြင်း၊ မျက်လုံးကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းဖြစ်ခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန်ဖြစ်ခြင်း စသည့် နောက်ဆက်တွဲရောဂါများ ခံစားရနိုင်ကြောင်း၊ ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်ကို ဝက်၊ လင်းနို့၊ ခို၊ ငှက် စသည့် သတ္တဝါများတွင်တွေ့ရပြီး ၎င်းတို့ကိုကိုက်သော ခြင်မှတစ်ဆင့် လူနှင့်နို့တိုက်သတ္တဝါများထံ ကူးစက်ခြင်းဖြစ်ကြောင်း၊ အဆိုပါရောဂါသည် လူမှတစ်ဆင့် လူသို့ တိုက်ရိုက်ကူးစက်မှု မရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူထံက သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့မ ရပ်ကွက် မူလွန်မြို့မတောင်ကျောင်းမှ(KG)တန်းနှင့်(Grade-3)တန်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၄၃) ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)