ကျောက်ထုမြို့ဝင်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ကျန်းမာရေးစစ်ဆေးမှုနှင့် mask များ တပ်ဆင်မှုရှိ၊ မရှိ အရှိန်အဟုန်မြှင့်စစ်ဆေး

ကျောက်ထု စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အဝင်ဂိတ်များရှိ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စောင့်ကြပ်ကြည့်ရှုရေး ဂိတ်များနှင့် ကျောက်ထုမြို့တွင်း လူစည်ကားရာ လမ်းဆုံများတွင် ကိုယ်အပူချိန်တိုင်း၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် Mask များ တပ်ဆင်၍ သွားလာမှုရှိ၊မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် စစ်ဆေးလျက်ရှိသည်။

ကျောက်ထုမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်ဂိတ်(၂)ခုနှင့် Mobile Team အဖွဲ့များက Mask မတပ်ဘဲ အပြင်သို့ သွားလာနေသူများ တွေ့ရှိပါက ဒဏ်ငွေ ၂၀၀၀ ကျပ် ပေးဆောင်စေပြီး Mask များအား ဖြန့်ဝေပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦး တို့ဦးဆောင်၍ ကျောက်ထုမြို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောက်ထု မြို့ရှိ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။

ယခုအခါ ကျောက်ထုမြို့သို့ လာရောက်ကြသော ခရီးသည်တင်ယာဉ်များအား ကျောက်ထုမြို့ တွင်းသို့ ဝင်ရောက်ခြင်း ခွင့်မပြုပဲ ကားကြီးကွင်းဂိတ်တွင်သာ ရပ်နားခွင့်ပြုထားသည်။ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များ အားလည်း ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရပ်ဝေးမှပြန်လည်ရောက်ရှိ လာသူများအား ကျောက်ထုမြို့တွင် အသွားအလာ ကန့်သတ်သည့်နေရာအဖြစ် သတ်မှတ်ထားရှိသည့် ဓမ္မဗိမ္မာန်သို့ ပို့ဆောင်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

မောဟေမာန် ပြန်/ဆက်