ညောင်တုန်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေးဖော်ဆောင်လျက်ရှိရာ တွင် ကျောင်းသား၊ ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံ ထူးချွန်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းမြို့နယ်၊ ကဇန်းလမိုင်း အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က လူငယ်စာပေဗဟုသုတတိုးပွားစေရန် စာဖတ်ဖို့လိုကြောင်း၊ အနာဂါတ်လူငယ်များ၏ အခန်း ကဏ္ဍအလွန်အရေးကြီးကြောင်း၊ လူငယ်နှင့် ကြီးပွားရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် အကျင့်စာရိတ္တ၊ လူငယ်နှင့် မျိုးချစ် စိတ်ဓာတ် စသည့်လူငယ်ရေးရာများဆွေးနွေးပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဒေါ်စုစုခင်က ကျန်းမာကြံ့ခိုင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အားကစား ပြုလုပ်ကြရ မည်ဖြစ်ကြောင်း အားကစားဟူသည် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အားကစားအမျိုးအစားများ၊ လူငယ်နှင့် အားကစား ဆိုင်ရာများ၊ မိမိဝါသနာပါသည့် အားကစားများကို လေ့ကျင့်သင်ကြားပေးနေသည့် လူငယ်အားကစားသိပ္ပံကို စိတ်ပါ ဝင်စားသူ လူငယ်များ တက်ရောက်၍ရကြောင်း၊ အားကစားစိတ်ဓာတ်နှင့် လူငယ်များ အကြောင်း၊ လူငယ်နှင့်ခေါင်းဆောင် မှုဆိုင်ရာများ၊ လူငယ်နှင့် ဗလငါးတန် ဖွံဖြိုးတိုးတက်ရေး စသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် မြို့နယ် အား/ကာမှူး ဒေါ်စုစုခင်က အားကစားပစ္စည်းများအား အ.လ.က ကဇန်းလမိုင်းကျောင်းသို့ ထောက်ပံ့ပေးအပ်ခြင်း၊ လက်တွေ့အားကစား သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလူငယ်များ (၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားစွာ လိုက်ပါလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)