မြဝတီ စက်တင်ဘာ ၁၅
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဘုရင့်နောင်စျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြဝတီခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ခရိုင်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ခရီးသွားပြည်သူများ၊ စျေးရောင်းစျေးဝယ် ပြည်သူများနှင့် ဒေသခံမိဘပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း စနစ်တကျနေထိုင်သွားလာရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရေးနှင့် ထပ်ဆောင်းကာကွယ်ဆေး အကြိမ်ရေပြည့်ဝစွာ ထိုးနှံရေးတို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း (Mask) အခုရေ ၇၀၀ အခမဲ့ဖြန့်ဝေပေးသည်။
နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)