မင်းလှ စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ မိုးစပါးတင်း(၁၀၀)အထက် အထွက်နှုန်းရရှိရေး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က သင်အိုင်အုပ်စု၊ သင်အိုင်ကျေးရွာ တောင်သူဦးအောင်အောင်၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။
စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးထွန်းထွန်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များက တောင်သူဦးအောင်အောင်၏ လယ်မြေ(၆)ဧက၌ စိုက်ပျိုးထားသည့် ဆင်းသုခစပါးမျိုးအား တောင်သူများနှင့်ပူးပေါင်း၍ စံကွက်ရိတ်ကြရာ တစ်ဧကအထွက်နှုန်း ပျမ်းမျှ(၁၃၁.၃)တင်း(အစိုတင်း) ထွက်ရှိခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် မိုးစပါးဧက(၇၆၁၄၁)စိုက်ပျိုးထားရှိကြောင်း မိုးစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)