ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး အခြေခံစားသောက်ကုန် ပစ္စည်း (၄)မျိုးအား သက်သာသောစျေးနှုန်းဖြင့် ရောင်ချပေး

ဖျာပုံ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်း၊ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကူညီမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး အခြေခံစားသောက်ကုန်ပစ္စည်း (၄)မျိုးအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ ကျုံကူကျေးအုပ်စု၊ ကျုံကူဘုရားကြီးတန်ဆောင်းရှေ့တွင် ရောင်းချပေးလျက်ရှိကြသည်။

အဆိုပါအခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်ချပေးရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်းမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပြည်သူများအား၊ သက်သာချောင်ချိရေး ဆန်(၁)ပြည်၊ ဆီ( ၂၅)ကျပ်သား၊ ကြက်သွန်နီ (၂၀)ကျပ်သား၊ ကြက်ဥ(၂)လုံး စုစုပေါင်း(၄)မျိုးကို (၃၇၀၀)ကျပ်ဖြင့် သက်သာသော စျေးနှုန်းဖြင့် ရောင်ချပေးခဲ့ကြပြီး၊ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တိုင်းဒေသကြီးဒေသ ကော်မတီ(၅)ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်းနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့မှ အခါအားလျော်စွာ နေ့ရက်အလိုက်ဆန်နှင့် စားအုန်းဆီများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းပေးလျက်ရှိကြောင်း ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)