ကော့ကရိတ် စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့အစည်းများသည် ယနေ့နံနက် ၁၀ နာရီချိန်က ကျုံဒိုးမြို့ အမှတ်(၂)ရပ်ကွက် အေးစေတီဓမ္မာရုံ၌ အမှတ်(၂/၃)ရပ်ကွက် နေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ကော့ကရိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက မြို့ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး မြို့ရွာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့် အမှာစကားပြောကြားသည်။ ထိုနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဌာနမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ အမှတ် (၇၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ သိကောင်းစရာများ၊ ခရိုင်ပြန်ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ ခရိုင်ဘေးအန္တာရယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထောက်ပံ့ပေးမှုအခြေအနေ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၂ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးဘိုးဘွား ထောက်ပံ့ပေးမှု အခြေအနေ၊ စားသုံးသူရေးရာဦးစီးဌာနမှ အစားအသောက်နှင့် အလှကုန်ပစ္စည်းများ ဝယ်ယူ ရောင်းချမှုအခြေအနေ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိက စည်ပင်သာယာရေး လုပ်ငန်းများနှင့် ပတ်သက်သည်များကို အသီးသီးရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။
ခင်မျိုးဝင်း (ပြန်ဆက်)