ပဲခူးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းဆိုင်ရာအားသာချက်၊ အားနည်းချက်များကို အပြန်အလှန်ဆွေးနွေးသုံးသပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူး စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းဆိုင်ရာအားသာချက်၊ အားနည်းချက်များအား အပြန်အလှန်ဆွေးနွေးသုံးသပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးအောင်မင်းက မိမိတို့ဌာနဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများလုပ်ဆောင်ရာတွင် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုတိုင်းသည် သတ်မှတ်ပြဌာန်းထားသည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးများအနေဖြင့်လည်း လုပ်ငန်းဆိုင်ရာအားသာချက်၊ အားနည်းချက်များကို အပြန်အလှန်ဆွေးနွေးသုံးသပ် ပေါင်းစပ်ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာနယ်မြေဒေသအလိုက် ပိုမိုသင့်လျော်ထိရောက်ကောင်းမွန်သော အကြံဉာဏ်များ၊ နည်းလမ်းကောင်းများရှိပါကလည်း တင်ပြဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်နှင့် လုပ်နည်းလုပ်ဟန် ညွှန်ကြားချက်များကို လက်အောက်အဆင့်ဆင့်သို့ ချပြကာ တိတိကျကျလိုက်နာဆောင်ရွက်နိုင်ရေး၊ တွေ့ကြုံနိုင်သည့်လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအတွင်းရှိခရိုင်(၆)ခုမှ ခရိုင်ဦးစီးမှူးများ၊ (၂၈)မြို့နယ်မှ မြို့နယ်ဦးစီးမှူးများမှ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်များအလိုက် နိုင်ငံတော်စီမံချက်အဖြစ် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပန်းခင်းစီမံချက်အဆင့်(၂) အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ်(နိုင်-၄)နှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online စနစ်ဖြင့် ပေးပို့ထိန်းသိမ်းထားရှိမှု၊ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများ၊ ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ခြင်းများစသည့် လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်က ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးအောင်မင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)