ဒေးဒရဲ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့တွင် စပါးခင်းများအတွင်း ကျရောက်လျက်ရှိသော ဖြုတ်ပိုးများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပါဝင်မှုဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက တော်ကမယ်ကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်က ယခုအချိန်ကာလသည် ဖြုတ်ပိုးများ ရှင်သန်ပေါက်ပွားမှုကောင်းသော အချိန်ကာလဖြစ်သည့်အတွက် တောင်သူများအနေဖြင့် မိမိတို့၏ စပါးစိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးကြရန်နှင့် ဖြုတ်ပိုးများ ကျရောက်မှုတွေ့ရှိပါက စပါးခင်းများအတွင်း ရေကိုပြောင်စင်အောင်ထုတ်၍ စိုက်ခင်းအတွင်း လေဝင်လေထွက်ရရှိစေရေး လေကြောင်းခွဲလုပ်ငန်း ဆောင်ရွက်ပေးခြင်း၊ ရေအိုင်(သို့မဟုတ်)ရေရှိသည့် နေရာတွင် မီးရောင်ထောင်ခြောက်ထွန်း၍ ဖြုတ်ပိုးများကို နှိမ်နင်းရန်၊ ဖြုတ်ပိုးကျရောက်မှု ဆိုရွားပြင်းထန်ပါက ဓါတုပိုးသတ်ဆေး ဖီနိုဗျူကပ်(သို့) ကာတက်ဟိုဒြိုကလိုရိုက်ဆေးများကို ဆေးနှုန်းထား အပြည့်အဝ အသုံးပြုကာကွယ်နှိမ်နင်းရန် ဆွေးနွေးခဲ့ပြီး တောင်သူများအနေဖြင့် နည်းပညာအခက်အခဲများ၊ စက်ကိရိယာအခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် မိမိတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများ၊ ဆေးဖြန်းကိရိယာနှင့် ဖြုတ်ပိုးကာကွယ်ဆေးများဖြင့် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ တစ်ကွင်းတဆက်တည်းရှိ လယ်မြေများတွင် ဖြုတ်ပိုးကာကွယ်နှိမ်နင်းနည်းများကို စုပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဒေသခံတောင်သူများးက တင်ပြလာသော အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တာဝန်ရှိသူများက ဖြုတ်ပိုးကျရောက်လျက်ရှိသော လယ်မြေများတွင် ကာကွယ်နှိမ်နှင်းနည်းများဖြစ်သည့် လေဝင်လေထွက်ရရှိရန် လေကြောင်းခွဲခြင်း ဖြုတ်ပိုးကာကွယ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြုတ်ပိုးကျရောက်လျက်ရှိသော စိုက်ပျိုးမြေအားလုံး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အချိန်တိုတွင်းပြီးစီးရေး တိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံဦးဆောင်သော ခရိုင်၊ မြို့နယ် သီးနှံကာကွယ်ရေးတာဝန်ခံများအား သက်ဆိုင်ရာ ကျေးရွာများအလိုက် အဖွဲ့များခွဲ၍ အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း