ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပ

ပခုက္ကူ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးငယ်များ၏ ဘဝစွမ်းဆောင်ရည်မြင့်မားလာစေရေး၊ စာပေအသိပညာဗဟုသုတတိုးပွားလာစေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်ကာ ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က ပုံပြောပြိုင်ပွဲကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲတွင်လိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲဆက်လက်ကျင်းပရာ ပခုက္ကူမြို့၊ မူလွန်မြင်သာဆန်တန်းကျောင်းက (Grade-5) ကျောင်းသား မောင်ဘုန်းသန့်လင်းက "လူမှုဝန်ထမ်းစိတ်"ပုံပြင်ဖြင့်လည်းကောင်း၊ စနစ်သစ်(Grade-3)အတန်းမှ ကျောင်းသူ မမြတ်နိုးဝေက "ကျေးညီနောင်"ပုံပြင်ဖြင့်လည်းကောင်း၊ စနစ်သစ်(Grade-3)အတန်းမှ ကျောင်းသား မောင်ပြည့်သျှန်ကျော်က "သိုးရေခြုံသောဝံပုလွေ" ပုံပြင်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပြန်/ ဆက်)