ကလိန်အောင် စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာတိုးတက်ကောင်းမွန်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၁ဝ) နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က လူငယ်တွေအတွက် ပညာရေးဟာ အဓိက ရည်မှန်းချက် ဖြစ်ပါကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
အသိပညာပေး နံရံကပ်ပြသရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများ ပြသခဲ့ရာ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၂) ဦးခန့် စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
ခင်ခင်လဲ့