ကလေးမြို့တွင် ဌာဆိုင်ရာများ ပူးပေါင်း၍ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

ကလေး စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦဆောင်လမ်းညွှန်မှုဖြင့် ကလေးမြို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါပိုး မျိုးကွဲများ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းနှင့် စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign လှုပ်ရှားဆောင်ရွက်မှုများကို ယနေ့ နံနက်ပိုင်းက ခရိုင်မီးသတ်ရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ  နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသူများအား Mask အရေတွက်ပေါင်း (၅၀၀၀) ကျော်ကို အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအနေဖြင့်  ကိုဗစ်-၁၉ ရောဂါပိုး မျိုးကွဲများ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးအသိပညာပေး နှိုးဆော် ကြော်ငြာခြင်းများကို  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)