ကျောင်းသားလူငယ်များ မြန်မာ့စာပေဗဟုသုတ ကြွယ်ဝလာစေရေး စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ကြို့ပင်ကောက် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက်ပိုင်း က ကျောင်းသားလူငယ်များ မြန်မာ့စာပေဗဟုသုတကြွယ်ဝလာစေရေး အတွက်ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး က စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပခဲ့ရာ ..က ဗောဓိရုက္ခကျောင်းမှ ကျောင်းသားကျောင်းသူများ စိတ်ဝင်တစား ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း စကားပုံဆက်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူ ကျောင်းသား ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)