အရည်အသွေးပြည့်မီသော ဆပ်ပြာများသုံးစွဲနိုင်ရန် နည်းစနစ်မှန်သော ထုတ်လုပ်နည်းစနစ်ကို သင်ကြားပြသပေး

ပေါက်ခေါင်း   စက်တင်ဘာ    ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများအရည်အသွေးပြည့်မီသော ဆပ်ပြာများကိုနည်းစနစ်မှန်စွာဖြင့် တစ်နိုင်တစ်ပိုင်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ အိမ်တွင်းမှုဆပ်ပြာပြုလုပ်နည်းအဆင့်ဆင့်ကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များအား ယမန်နေ့နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သင်ကြားပြသပေးခဲ့သည်။

အဆိုပါဆပ်ပြာပြုလုပ်နည်းအဆင့်ဆင့်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းဆရာမ(၂)ဦးက ဆပ်ပြာဆီ၊ အိမ်သုံးပန်းကန်ဆေးဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာဆီ ကိုယ်တိုင်တစ်နိုင်တစ်ပိုင်ပြုလုပ်နည်း၊ ပြုလုပ်ရာတွင်ပါဝင်မည့်ပစ္စည်းများအချိုးအဆများ၊ အထူးရေပြုလုပ်ခြင်းနှင့် ကြိုက်နှစ်သက်သည့်အရောင်ထည့်သွင်းအသုံးပြုခြင်းတို့ကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များအား နည်းပညာပေးသင်ကြားပြသပေးခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့မှလည်း အိမ်တွင်းမှုသင်တန်းအဖြစ် အမျိုးသမီးများအား ဆင့်ပွားပြန်လည်ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆပ်ပြာပြုလုပ်နည်း သင်ယူတတ်မြောက်ပါက အိမ်တွင်းတစ်နိုင်တစ်ပိုင် အသုံးပြုနိုင်ရုံသာမက ဈေးကွက်အတွင်းပါ ဖြန့်ဖြူးရောင်းချနိုင်ပါက စီးပွားရေးတွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)