ရွှေကျင် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ဂန့်ဂေါ်ဝိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေကျင်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမင်းသူက အဖွင့်စကားပြောကြားပြီး ရွှေကျင်မြို့နယ်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဝင်းထွန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သတ်သည့်အကြောင်းများနှင့် မူးယစ်ဆေးဝါးအန္တရာယ် ဖြစ်ပွားရခြင်းအကြောင်းများကို အကျယ်တဝင့်ရှင်းလင်းဟောပြောပေးခဲ့သည်။ ဆက်လက်ပြီး ရွှေကျင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ညွန့်ညွန့်ဌေးက လူကုန်ကူးမှုခံရပါက ခံစားရသည့်ဒုက္ခများ၊ မူးယစ်ဆေးဝါးသုံးစွဲပါက ဖြစ်ပေါ်တတ်သည့် ရောဂါအန္တရာယ်များကို ဟောပြောပေးခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးဒေါ်ခင်တည်က လူကုန်ကူးမှုခံရပါက အမျိုးသမီးရေးရာအဖွဲ့မှ ကူညီဆောင်ရွက်ပေးမှုများကို ရှင်းလင်းဟောပြောပေးခဲ့ပြီး လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး နှင့်ဌာနဆိုင်ရာများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)