ကဝမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကဝ စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပေါက်ကုန်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီ က ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမ ဒေါ်အမာစိန် က အဖွင့်မှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပစ်မှတ်ထားခံရသူများ၊ အများဆုံး လူကုန်ကူးမှုခံရသောနိုင်ငံများ၊ ကျား/ လူကုန်ကူးခံရမှုအခြေအနေ၊ မြန်မာနိုင်ငံနှင့်လူကုန်ကူးမှုအခြေအနေ၊ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် မြန်မာအမျိုးသမီးများအား ရောင်းချခြင်း၊ တရုတ်နိုင်ငံသို့ ကလေးသူငယ်များအား မွေးစားရန်ရောင်းစားခြင်း၊ ထိုင်းငါးဖမ်းလှေများတွင် အဓမ္မခိုင်းစေခြင်း၊ ထိုင်းစက်ရုံများတွင် အဓမ္မခိုင်းစေခြင်း၊ ခေါင်းပုံဖြတ်ခြင်းစသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကလေးများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ပုံပြောခြင်းအစီအစဉ်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာ၊ ဗဟုသုတရရှိဖွယ်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)