မင်းဘူး စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင် ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အပြင်ထွက်ခွာသည့် အခါတိုင်း နှာခေါင်းစည်း တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရေးနှင့် စည်းကမ်းလိုက်နာကြစေရန်အတွက် ယနေ့နံနက် ၈ နာရီအချိန်က တောင်လှည်းကောက်၊ မြောက်လှည်းကောက် အဝိုင်းပတ်များနှင့် မြို့မဈေးကြီးအနီးတစ်ဝိုက်တွင် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ထိုသို့ နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့စသော ကိုဗစ်ကော်မတီ ပူးပေါင်းအဖွဲ့က မြို့ပေါ်နေပြည်သူများနှင့် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား Mask အခုရေ ၂၀၀၀ အားအခမဲ့ ဖြန့်ဝေကာ Mask များကို ပါးစပ်နှင့် နှာခေါင်းတွင် စနစ်တကျ တပ်ဆင်စေပြီး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရေး ကိုဗစ်ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေ ပြည့်မီအောင် မပျက်မကွက် ထိုးနှံကြရေးစသော အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(ပြန်/ ဆက်)