ကဝ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်း က အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု အဓိပ္ပါယ်၊ ပစ်မှတ်ထားခံရသူများ၊ မြန်မာနိုင်ငံနှင့် လူကုန်ကူးမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်း က လူကုန်ကူးခံရမှုအခြေအနေ၊ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် မြန်မာအမျိုးသမီးများအား ရောင်းစားခြင်း၊ တရုတ်နိုင်ငံသို့ ကလေးသူငယ်များအား မွေးစားရန် ရောင်းစားခြင်း၊ ငါးဖမ်းသင်္ဘောများ၊ စက်ရုံများတွင် အဓမ္မခိုင်းစေခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ လူကုန်ကူးမှု သံသယဖြစ်ဖွယ်သတင်းများကို ရရှိပါက ဆက်သွယ်အကူအညီတောင်းခံရမည့် ဖုန်းနံပါတ်များစသည့် လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)