ကသာ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ (PPTT-၈/၂၂) သင်တန်း ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပညာရေးဒီဂရီကောလိပ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကသာပညာရေးဒီဂရီကောလိပ် PPTT(၈/၂၂) သင်တန်းသား/ သင်တန်းသူများက “မင်္ဂလာရှိသောနေ့သစ်ဆီသို့” သီချင်းဖြင့်လည်းကောင်း၊ “မင်္ဂလာပါ” အကဖြင့် လည်းကောင်း သီဆိုကပြ ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည်။
အဆိုပါ ကသာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ PPTT (၈/၂၂) သင်တန်းကို ၁-၉-၂၀၂၂ ရက်နေ့မှ ၂၃-၁၀-၂၀၂၂ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၆၃)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ကသာ)