သဲကုန်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဓဒသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဉာဏ်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၅)ဦးမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒနယ် ပြင်ပရောက်နေသူများ ကြိုတင်ဆန္ဒ မဲပေးခွင့်ရှိခြင်း၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်နေသူများ ကြိုတင်မဲပေးနိုင်ရေး အတွက် မဲစာရင်းပြုစုခြင်း၊ မဲစာရင်းရေးသွင်းခြင်း၊ မဲစာရင်းကြေညာခြင်း၊ ကော်မရှင်အဖွဲ့ခွဲများက ဆုံးဖြတ်ဆောင်ရွက်ခြင်း၊ မဲပေးရန် မဲရုံပြင်ဆင်ခြင်း၊ မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ စသည့် သင်ခန်းစာများကို စက်တင်ဘာလ(၁၄) ရက်နေ့မှ (၁၇)ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အညီ သင်ကြား ပို့ချလျက်ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင် စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)