မြိတ်မြို့တွင် ဆန်၊ ဆီ၊ ဆား၊ ငါးနှင့် ကြက်ဉတို့ကို အခြေခံလူတန်းစားများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

မြိတ်   စက်တင်ဘာ   ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆန်၊ ဆီ၊ ဆား၊ ငါးနှင့်ကြက်ဉစသည့် အခြေခံစားကုန် (၅)မျိုးကို မြိတ်တောင်ကျေးရွာ အောင်မင်္ဂလာရပ် အောင်မင်္ဂလာလမ်းမကြီး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြသည်။

ထိုသို့ရောင်းချပေးရာ၌ အခြေခံစားသောက်ကုန်(၅)မျိုးကို လူတစ်ဦးလျှင် ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သားလျှင် (၂၉၀၀)ကျပ်၊ ဆားတစ်ထုပ်လျှင်(၂၅၀)ကျပ်၊ ကြက်ဥ (၆)လုံးလျှင်(၁၀၀၀)ကျပ်နှင့် ငါးတစ်ကီလိုတစ်ထုပ်လျှင်(၁၀၀၀)ကျပ်တို့ဖြင့် အခြေ ခံလူတန်းစားများအား တန်းစီစနစ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းဝင်းစိုး ဦးဆောင်၍ တာဝန်ရှိသူများမှ ရောင်းချပေးခဲ့ကြသည်။

အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင်  စုစုပေါင်း ဆန် (၁၀)အိတ် (တစ်ပြည်ထုပ်-၂၅၀)ထုပ်၊ ဆီ (၁၂၅)ပိဿာ၊ ဆား(၁၀၅)ပိဿာ၊ ကြက်ဉ (၁၀၀၀) လုံး နှင့် ငါး ကီလို(၆၀)ကို ရောင်းချပေးခဲ့ကြကြောင်း၊ ကျန်ရှိသော ရပ်ကွက်များတွင်လည်း အခြေခံစားကုန်(၅)မျိုးကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံစားကုန်(၅)မျိုးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဆန်ကုန်သည်များ အသင်း၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍  အခြေခံလူတန်းစားများအား ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)