ပွင့်ဖြူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ အထွက်ကောင်းသော စပါးမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် သီးနှံဝင်ငွေပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ တောင်သူပညာပေး မိုးစပါးစံပြကွက်များ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူပညာပေး မိုးစပါးစံပြကွက် စိုက်ပျိုးခြင်းကို ကျေးရွာအုပ်စု(၄)အုပ်စုမှ တောင်သူကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး မိုးစပါးအထူးအထွက်တိုးစနစ်စံပြကွက် ဧက ၅၀၊ မိုးစပါးမျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စံပြကွက် ၁၀ ဧက၊ မိုးစပါးမျိုးသန့်မျိုးပွားစံပြကွက် ဧက ၅၀၊ စိုက်စနစ်ယှဉ်ပြိုင် စမ်းသပ်ကွက် ၁ ဧက၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ၁ ဧက၊ သဘာဝမြေဩဇာစမ်းသပ်ကွက် ၁ ဧက၊ ကွန်ပေါင်းဓာတ်မြေဩဇာ စမ်းသပ်ကွက် ၁ ဧက၊ ဓာတ်မြေဩဇာနှုန်းထားစမ်းသပ်ကွက် ၁ ဧက တို့ကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
" ယခု ၂၀၂၂ -၂၀၂၃ ခုနှစ် ၊ မိုးစပါးစိုက်ပျိုးရာသီမှာ မြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူတွေ မိုးစပါးသီးနှံ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး တောင်သူပညာပေး မိုးစပါးစံပြကွက်များကို စိုက်ပျိုးဆောင်ရွက်ထားပါတယ်။ အဓိကတော့ ဒေသခံတောင်သူတစ်ဦးချင်းစီကို မိုးစပါးသီးနှံ စိုက်ပျိုးရာတွင် စိုက်နည်းစနစ်မှန်ကန်ဖို့၊ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေဖို့၊ သီးနှံ ပိုးမွှားရောဂါကြိုတင်ကာကွယ်နှိမ်နင်းနည်းစနစ်များ စနစ်တကျ ဆောင်ရွက်တတ်စေဖို့နဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ပြီး တစ်နှစ်ထက် တစ်နှစ် စပါးမျိုးကောင်းမျိုးသန့်များ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အသိပညာပေး စံပြကွက်စိုက်ခင်းများကို စိုက်ပျိုးဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ယခုနှစ် မိုးစပါးရာသီမှာ ကျွန်မတို့ ပွင့်ဖြူမြို့နယ်အနေနဲ့ မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ကျွန်မတို့ ဒေသမှာ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေတော့ ဧရာမင်း၊ ပခန်းရွှေဝါ၊ ရတနာတိုး၊ ဆင်းသုခ၊ ပေါ်ဆန်းရင်၊ သီးထပ်ရင်၊ ချမ်းမြေမေ၊ မနောသုခ စပါးမျိုးတွေကို စိုက်ပျိုးကြတာဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
လှိုင်ဝင်းလေး ( ပြန်/ ဆက်)