အိမ်မဲ စက်တင်ဘာ ၁၄
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့် အညီပညာရေးကဏ္ဍကို အထူး အလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ များ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့ နံနက်(၁၁) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က( ခွဲ) တကောကျောင်း တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးခေါင်းစဉ်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံကြရန်၊ ကိုဗစ်စည်းကမ်းများနှင့် အညီ နေထိုင်ကြရန် ပြောကြား ခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့်အားကစား၊ စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလေးလွင်က စားသုံးရန်မသင့်သည့် အစားအစာများ၊ ကုန်ညွှန်းအမှတ် အသား ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အ-ထ-က (ခွဲ) တကောကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ)