ပွင့်ဖြူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး ကျန်းမာရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို မြို့နယ်အတွင်း ကိုဗစ် - ၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသာ ဈေးရောင်းဈေးဝယ် ပြုလုပ်ကြရန် ၊ တတ်နိုင်သမျှ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းအား ရှောင်ကြဉ်ကြရန်၊ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးချိန်တိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း ၊ ထိတွေ့ခြင်း မပြုလုပ်ရန် ၊ အပြင်မှ ပြန်လာသည့်အခါ ပါးစပ်နှာခေါင်းစည်းကို စနစ်တကျ စွန့်ပစ်ရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါနေထိုင်ကြရန် ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုအား ခံယူကြရန် စသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဈေးသည်များနှင့် ဈေးဝယ်လာပြည်သူများကို ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးအနီး စုရပ်ပြုလုပ်၍ မြို့တွင်းဖြတ်သန်းသွားလာကြသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို ကိုဗစ် - ၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးဆွေးနွေးဟောပြောပြီး ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ပြည်သူလူထု ပူးပေါင်းပါဝင် တိုက်ဖျက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)