ဝါးခယ်မ စက်တင်ဘာ ၁၄
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က ကနစိုးကုန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေး၊ တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူခိုင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး ရှေ့ဦးစွာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ ကလေးသူငယ်များအား စားသုံးရန်မသင့်သည့် အစားအစာများနှင့် ဆိုးဆေးများစွာပါဝင်သည့် အချိုရည်များ၊ ဓာတုဆေးဝါးများအကြောင်း ရှင်းလင်းပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ခေါင်းဆောင်တစ်ဦး၏ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ ခေါင်ဆောင်မှု၏ လိုအပ်ချက်များ၊ ခေါင်းဆောင်တစ်ဦး၏ အကျင့်စရိုက်ဆိုင်ရာ ပြည့်စုံရမည့်တန်ဖိုးများ၊ ခေါင်းဆောင်များဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်တို့ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါး စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ကြပါစို့၊ တန်ဖိုးရှိလှ လူငယ်ဘဝ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့နှင့် ပျော်ရွှင်ကျန်းမာပညာရှာ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ စာပေဖတ်ရှုလေ့လာခြင်းသည် အသိဥာဏ်ပညာ ဗဟုသုတများစွာ တိုးပွားစေခြင်း၊ လက်တွေ့ဘဝတွင် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ အမှား၊ အမှန်ကို ကောင်းစွာဝေဖန်ပိုင်းခြားနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ခြင်း၊ မူးယစ်ဆေးဝါးများအား ရှောင်ကြဉ်ရန်၊ မသုံးစွဲရန်နှင့် သုံးစွဲသူများကိုတွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အသိပေးရန်၊ လက်တလော ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါကို အထူးဂရုစိုက်ကြရန်၊ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ရန်၊ အသွားအလာ အနေအထိုင်ဆင်ခြင်ရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး အကြောင်းအရာများနှင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် အစရှိသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် အ.ထ.က ကနစိုးကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)