နတ်မောက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ယခင်က မိမိတို့၏ယာမြေများတွင် မိုးနှောင်းကာလ၌ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်စားပင်များသီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုအချိန်တွင် အထွက်နှုန်းကောင်း စျေးကောင်းရရှိသည့် မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ ပညာပေးမှုဖြင့် မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးလာကြပြီး မြေယာပြုပြင်ခြင်း၊ ပိုးသတ်ဆေးနှင့် ရွက်ဖြန်းမြေဩဇာ၊ ဓာတ်မြေဩဇာ၊ သဘာ၀မြေဩဇာများကို စနစ်တကျ အသုံးပြုစိုက်ပျိုးကြသဖြင့် ချည်မျှင်ရှည်ဝါများ အပင်ဖြစ်ထွန်းမှု အားကောင်းလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။
“ချည်မျှင်ရှည်ဝါကို စိုက်ပျိုးဖို့အတွက် အပင်ပေါက်နှုန်းကောင်းပြီး အထွက်နှုန်းကောင်းတဲ့ ဝါမျိုးများဖြစ်တဲ့ ငွေချည် - ၆၊ ငွေချည်-၈၊ ရွှေတောင်-၁၀ ဝါမျိုးကို စိုက်ပျိုး ထားရှိပါတယ်၊ ကျွန်တော့စိုက်ခင်းမှာ ဇူလိုင် ဒုတိယပတ် မှာ ရွှေတောင်-၁၀ ဝါမျိုးစိုက်ထားတာ အခုဆိုရင် (၂)လကျော်ကျော်ရှိပါပြီ၊ ရွှေတောင်-၁၀ ဝါမျိုးက အပင်အားလည်းကောင်းတယ်၊ အသီးအပွင့်လည်းသန်တယ် ဒါကြောင့် တောင်သူအများစုဟာ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀)ကို အစိုက်များလာပါတယ်”ဟု တောင်သူကိုမျိုးဇော်က ပြောသည်။
မူမူစန်း