ကျောင်းကုန်းမြို့၌ နနွင်းဈေးကောင်းရ၍ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုး

ကျောင်းကုန်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ နနွင်းစိုက်ပျိုးသူ တောင်သူများ ဈေးကောင်းရ၍ ပိုမိုတိုးချဲ့စိုက်ပျိုးလာကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနက သိရသည်။

"နနွင်းကို ဇွန်လလောက်က စစိုက်တယ်၊ တစ်ဧကကို နနွင်းမျိုး (၂)တင်းနှုန်းစိုက်တယ်၊ တစ်လတစ်ခါ ပုံမှန်အစာကြွေးရတယ်၊ ရေဝပ်လို့တော့မရဘူး၊ ဘောင်နဲ့စိုက်ပျိုးရပြီး လေးလက်မတစ်ပင် စိုက်ပျိုးရတယ်၊ အထွက်နှုန်းကတော့ တင်း(၆၀)ကနေ တင်း(၁၀၀)အထိ ထွက်တယ်၊ နနွင်းမျိုးဈေးကတစ်သောင်းကျော်ရှိတယ်၊ လက်ရှိက နနွင်းတစ်တင်းကို လေးထောင်နှုန်းရှိတယ်၊ စိုက်ပျိုးစရိတ်နည်းပြီး ဈေးကောင်းရတဲ့အတွက် စိုက်ပျိုးတဲ့ တောင်သူတွေ အဆင်ပြေတာပေါ့ဟု ကွင်းကြီးကျေးရွာမှ နနွင်းစိုက်တောင်သူ ဦးမျိုးဇော်က ပြောသည်။

ယခင်နှစ် ကျောင်းကုန်းမြို့နယ်တွင် နနွင်းစိုက်ဧက (၆၀)ဧကရှိပြီး ယခုနှစ်တွင်နနွင်းဈေး ပိုမိုကောင်းမွန်လာခြင်းကြောင့် စိုက်ပျိုးသူတောင်သူများ ယခင်နှစ်ထက်ပိုမိုစိုက်ပျိုးလာပြီး စုစုပေါင်းနနွင်းစိုက်ပျိုး ဧက(၇၀)ကျော် စိုက်ပျိုးလာကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)