ဘိုကလေး စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို အဓိကထား၍ အသက်မွေး ဝမ်းကြောင်းပြုကြသည့် ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးကို အဓိကထား စိုက်ပျိုး သည့် ဒေသတစ်ခုဖြစ်သည်။
ယခုနှစ် မိုးစပါး ထွက်ရှိချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၌ စပါးတင်း(၁၀၀)လျှင် ငွေကျပ်(၁၃)သိန်း ဝန်းကျင်အထိ ဈေးကောင်းရရှိနေသည်ဟု ဒေသခံ ဆန်စပါးစိုက်ပျိုးသူ တောင်သူများထံမှ သိရသည်။
လွန်ခဲ့သည့်နှစ် မိုးစပါး စတင်ထွက်ရှိချိန်တွင် တင်း(၁၀၀)လျှင် ငွေကျပ် (၆)သိန်းခွဲမှ (၇)သိန်းထိ သာဈေးရခဲ့ကြောင်း၊ ယခုနှစ်မှာ ဧည့်မထစပါး အခြောက်တင်း(၁၀၀)လျှင် ငွေကျပ် (၁၂)သိန်းမှ (၁၃)သိန်း ဝန်းကျင်ရရှိပြီး စပါးအစိုတင်း(၁၀၀)လျှင် ငွေကျပ်(၁၀)သိန်းဝန်းကျင် ရရှိကြောင်း၊ ယခင်နှစ် နှင့် ယခုနှစ် စပါးဈေးကွာခြားပုံနှင့် ပတ်သတ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ စပါးစိုက်ပျိုးသူများနှင့် ကုန်သည်များထံမှ သိရသည်။
ထို့အပြင် လက်ရှိထွက်ရှိနေသည့် စပါးမျိုးသည် ဇွန်လတွင် စိုက်ပျိုးသည့် ရက်(၉၀)စပါးမျိုးဖြစ်ပြီး အထွက်နှုန်းပုံမှန်ရှိကြောင်းနှင့် သွင်းအားစု စရိတ်တက်လာသည့်အတွက် စပါးဈေး ပိုကောင်းလာခြင်း ဖြစ်ကြောင်းကိုလည်း တောင်သူများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဆန်ဈေးကွက်မှာလည်း စပါးဟောင်းဈေးနှုန်း မြင့်တက်နေသည့် အတွက် စပါးသစ်တွေပါ ဈေးကောင်းရနေသည် ဖြစ်ကြောင်း၊ လာမည့် လတွေမှာလည်း မိုးစပါးလှိုင်လှိုင် ထွက်ရှိလာမည် ဖြစ်ကြောင်း စိုက်ပျိုးရေးကဏ္ဍ ကျွမ်းကျင်သူများထံမှ သိရသည်။
ဩဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှာ မိုးစပါးထွက်ရှိမှုအနေဖြင့် ကျိုက်လက်မြို့နယ်နှင့် မအူပင်မြို့နယ်တို့မှာ အနည်းငယ်ထွက်ရှိခဲ့ပြီး နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလတို့တွင် ဖျာပုံ၊ ဘိုကလေး၊ လပ္ပတာ၊ မြောင်းမြ၊ ပုသိမ်မြို့နယ်နှင့် နီးစပ်ရာဒေသတွေမှာ ဈေးကောင်းရရှိမည့် ပေါ်ဆန်းစပါးမျိုးများ ထွက်ရှိမှာ ဖြစ်ကြောင်း ဆန်စပါး ကုန်သည်များ ထံမှ သိရသည်။
မိုးစက်(ဘိုကလေး)