ကြို့ပင်ကောက် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ အထက(ပန်းတင်)ကျောင်းတွင် သင်ကြားပို့ချပေးလျက် ရှိသည်။
အဆိုပါသင်တန်းတွင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လု်ပငန်းတာဝန်များ၊ မြို့နယ် ရပ်ကွက်/ ကျေးရွာကော်မရှင် အဖွဲ့ခွဲများ၏ အခန်းကဏ္ဍနှင့် တာဝန်၊ လုပ်ပိုင်ခွင့်များ၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ မီဒီယာများနှင့် ဆက်သွယ်ပြန်ကြားခြင်း စသည့် သင်ခန်းစာများကို သင်တန်းနည်းပြ(၅)ဦးဖြင့် စက်တင်ဘာလ (၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ် ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အညီ သင်တန်းခန်းများအတွင်းသို့ မဝင်မှီ အပူချိန်တိုင်းခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့် လက်ဆေးစေခြင်းတို့အား ပြုလုပ်စေပြီး သင်တန်းတစ်ခန်းတွင် သင်တန်းသား(၃၀)ဦးအား သင်တန်းနည်းပြတစ်ဦးက ပို့ချပေးကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)