သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်း စက်တင်ဘာ ၁၄

သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.မ.ကရွာထောင်ကုန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.မ.ကရွာထောင်ကုန်း ကျောင်းအုပ်ဆရာကြီးဦးဝင်းမော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ရှိန်မြင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား ရှင်းလင်းဟောပြော၍ ရှန်တီစတနာ့ဝန်ထမ်းအဖွဲ့(SVA)နှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ ကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက ရုပ်ပုံစာအုပ်ဖြင့်ပုံပြင်ပြော၍ စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာ‌စောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးအထိမ်းအမှတ်နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ ပြန်/ဆက်