ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ဟိုင်းကြီး၌ မိုးရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကလေးများကိုယ်ကာယကြံ့ခိုင် သန်မာ၍ အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မိုးရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများကို ပြုလုပ် ကျင်းပခဲ့ရာ ယမန်နေ့က ပြိုင်ပွဲပြီးဆုံးပြီဖြစ်၍ ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား ယမန်နေ့ နေ့လယ်(၂) နာရီအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်း၊ အ.ထ.က ဟိုင်းကြီး၌ ဆုပေးပွဲအခမ်းအနား ကျင်းပ ပြုလုပ်၍ ဆုများကိုပေးအပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ဟိုင်းကြီးကျောင်းအုပ် ဆရာကြီး ဦးနန်းထိုက်ကျော်မှ ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစား စိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ကစားခဲ့ကြသည်ကို မြင်တွေ့ခဲ့ရသည့် အတွက် အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ထို့နောက် မိုးရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများတွင် ဆုအသီးသီးရရှိကြသော ပြိုင်ပွဲဝင် အသင်းများ၊ တစ်ဦးချင်း အကောင်းဆုံးဆုရရှိသူများအား အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.ကဟိုင်းကြီး ကျောင်းအုပ်ဆရာကြီး ဦးနန်းထိုက်ကျော်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်