အုတ်ဖို စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က(ခွဲ)ကျပ်ချောင်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာန နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အ.ထ.က (ခွဲ)ကျပ်ချောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်နှင်းထိုက်တိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်က စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားမှူးဒေါ်လဲ့လဲ့လွင်က လူငယ်ရေးရာခေါင်းဆောင်မှုဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ