ကျိုက်လတ် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉) နာရီက ကျွဲကူးခရားရိုးကျေးရွာအုပ်စု၊ ကျွဲကူးခရားရိုး ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကျေးရွာနေပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုများလာသဖြင့် ကြိုတင်ကာကွယ်ရေးအတွက် ကိုဗစ်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပြီးစီးရေး၊ စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများ၊ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူနိုင်ရေးအတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်နိုင်ရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေမှုများနှင့် စာတတ်သူတိုင်း စာပေဖတ်ရှုလေ့လာနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက ကျေးရွာနေ ပြည်သူများ တင်ပြ လာသော ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရီရီမြင့်