ဘိုကလေးမြို့နယ်သို့ ရောက်ရှိဆိုက်ကပ်လာသည့် ရှင်ဥပဂုတ္တဖောင်တော်အား ဘိုကလေး-ရန်ကုန် မြစ်ဝသို့ ပြန်လည်ပင့်ဆောင် မျှောတော်မူခဲ့

ဘိုကလေး စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဒေသအရန် မီးသတ်တပ်ဖွဲ့ရုံး၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး၏ မြောက်ဘက်မြစ်ဘေး၊ အရန်မီးသတ်တံတား အုပ်ပုံဆိပ်သို့ ဘိုကလေးမြို့နယ်နှင့် ထိစပ်နေသော ပင်လယ်ပြင်မှ မျောပါလာသည်ဟု ခန့်မှန်းယူဆရသည့် ရှင်ဥပဂုတ္တဖောင်တော်သည် လွန်ခဲ့သည့် (၁၀)ရက်ခန့်က ရောက်ရှိဆိုက်ကပ်ခဲ့ပြီး စက်တင်ဘာ(၁၃)ရက် ညနေ(၃)နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့မှ ဖောင်တော်အား သင်္ဘောဖြင့်တွဲ၍ ဘိုကလေးမြို့နယ်မှ ရန်ကုန်မြို့သို့ သွားရောက်သည့် မြစ်ဝအရောက်ပင့်ဆောင်ကာ ပြန်လည်မျှောတော်မူခဲ့သည်။

အဆိုပါ ဖောင်တော်သည် ဘိုကလေးမြို့နယ်သို့ စက်တင်ဘာ (၄)ရက်နေ့၊ ည(၇)နာရီခွဲအချိန်က ရောက်ရှိဆိုက်ကပ်ခဲ့ပြီး ဖောင်တော်ရောက်ရှိချိန်တွင် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် မြို့သူမြို့သားများ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ ဦးဆောင်ကာ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ယိုယွင်းပျက်စီးနေသည့် ဖောင်တော်အား ငွေကျပ် (၁၃)သိန်း ကျခံကာ ဖောင်တော်ပေပါလဲလှယ်ခြင်း၊ ဝါးနက်၊ ဝါးဘိုးများ လဲလှယ်ခြင်း၊ သွပ်မိုးများ အသစ်လဲလှယ်ခြင်း၊ ဘုရားရုပ်ပွားတော်များ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဖောင်တော်အား ဆေးများ ပြန်လည်သုတ်ခြင်း၊ ပျက်စီးနေသော ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ပုံတော်ရုပ်တုများအား အသစ်ပူဇော်ခြင်း၊ ဖောင်မှပျက်စီးနေသောဒိုင်းများ၊ သစ်သားတန်းများ လဲလှယ်ခြင်း၊ ဖောင်တော်ပြန်ကြွသည့်နေ့တွင် ဧည့်ပရိတ်သတ်များအား အာဟာရဒါန ကျွေးမွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

စက်တင်ဘာ (၁၃)ရက်နေ့ ဖောင်တော်အား ပြန်လည်မျှော်တော်မူရာ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဌာနဆိုင်ရာများမှ လာရောက်ဖူးမြော်ခဲ့ကြပြီး ဝတ်အသင်းသူ အသင်းသားများမှ ဝတ်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းနှင့် ဖောင်တော်အား အများပြည်သူများ ဆက်လက်ဖူးမြော်နိုင်စေရေးအတွက် ဘိုကလေး-ရန်ကုန် မြစ်ဝသို့ ပင့်ဆောင်၍ မျှော်တော်မူခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)