အိမ်မဲ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း BA4, BA5 ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများကို အပိုထပ်ဆောင်းအနေဖြင့် အ-ထ-က (၁)ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိကြသည်။
ယင်းလုပ်ငန်းများကို မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အ-ထ-က (၁) ကျောင်းမှ ဆရာ၊ ဆရာမများ ပူးပေါင်း၍ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၆၀၂) ဦးအား တစ်ရက်လျှင် မနက်ပိုင်းတစ်သုတ်၊ နေလည်ပိုင်းတစ်သုတ် နှစ်သုတ်ခွဲ၍ ထိုးနှံပေးခဲ့ကြသည်။
“သမီးကတော့ အ-ထ-က (၁)ကျောင်းက ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Sinovca (Corona Vac)ကို ထိုးနှံပြီးတာ (၆)လပြည့်လို့ အပိုထပ်ဆောင်းအနေနဲ့ ဆက်လက်ထိုးနှံတာ ဖြစ်ပါတယ်။ ယခုလိုကိုဗစ်ကာကွယ်ဆေးကို အပိုထပ်ဆောင်းအနေနဲ့ ကျောင်းအရောက် လာရောက်ထိုးနှံပေးတဲ့အတွက် တာဝန်ရှိသူ အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့” အ-ထ-က(၁)ကျောင်းမှ ကျောင်းသူတစ်ဦးက ပြောသည်။
ချစ်သက်လယ်(အိမ်မဲ)