ကော့ကရိတ် စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ အေးနှင်းအောင်ရေးသားထားသည့် “လှပသောစကားသုံးလုံး ဘဝတိုးတက်ရေးလမ်းညွှန်ဆောင်းပါး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၂ နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာပေမှရရှိသည့်ဗဟုသုတအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းများကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောက်ရွက်ကြရာ Book Club အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမန်းတင့်မော်က “အာရုံစူးစိုက်မှုစွမ်းအားမြှင့်တင်ခြင်း” ခေါင်းစဉ်ပါအကြောင်းအရာကို လည်းကောင်း၊ ဒေါ်ခင်ကြူအေးက “စိတ်အနှောင့်ယှက်ဖြစ်စေတတ်သည့်အရာများကို အတက်နိုင်ဆုံးဖြတ်တောက်ပါ” ခေါင်းစဉ်တို့အားလည်းကောင်း၊ ဒေါ်သင်းသင်းယုက “ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးအားသတ်မှတ်ခြင်းနှင့် အောင်မြင်မှု” ခေါင်းစဉ်တို့အားလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်စာဖတ်ပရိသတ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)