သရက်ချောင်း စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူများအနေဖြင့် ကွမ်းပင်များကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ပျိုးပင်ရောင်းချရတွင်လည်း စျေးကောင်းရရှိကြောင်း သိရသည်။
ကွမ်းသီးပျိုးပင်စိုက်ပျိုးရာတွင် အစေ့ကိုပျိုးပြီးအိတ်များဖြင့်စနစ်တကျစိုက်ပျိုးရခြင်း၊ မြေသြဇာထည့်ပေးရခြင်း၊ ရေကိုလုံလောက်စွာပေးရခြင်း၊ ကွမ်းသီးပျိုးပင်များကို တစ်နှစ်ကြာအောင်ပျိုးထားရခြင်း၊ တစ်နှစ်ကြာသောပျိုးပင်များ စိုက်ထည့်ရာတွင် တစ်ပင်နှင့်တစ်ပင် (၅)ပေကွာ စိုက်ထည့်ရကြောင်း၊ ကွမ်းသီးပင်များကို မိုးဦး(၁)ကြိမ်၊မိုးနှောင်း(၁)ကြိမ် မြေသြဇာပေးရပြီး (၇)နှစ်မှ(၈)နှစ်အကြာတွင်ကွမ်းပင်များ စတင်အသီးသီးကြောင်း၊ ကွမ်းသီးကို အောက်တိုဘာနှင့် နိုဝင်ဘာလတွေမှာ အသီးများစတင်ခူးဆွတ်နိုင်ကြောင်း ကွမ်းပင်၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း အခြားသီးညှပ်ပင်များကိုလည်း စိုက်ပျိုးကာ မိသားစုအပိုဝင်ငွေများရရှိကြောင်း ကွမ်းသီးခြံ လုပ်ကိုင်သူ တောင်သူ ဦးကြည်လွင်ထံမှသိရသည်။
သရက်ချောင်းမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်စိုက်ပျိုးရာမှ စျေးကောင်းရရှိလျက်ရှိရာ ယခင်နှစ်က ကွမ်းသီးပျိုးပင်တစ်ပင်ကို ၂၅၀ကျပ်ရရှိသော်လည်း ယခုနှစ်တွင် ကွမ်းသီးပျိုးပင်တစ်ပင်ကို ၃၅၀ကျပ်အထိစျေးကောင်းရရှိကြောင်း ကွမ်းသီးပျိုးပင်စိုက်ပျိုးသူ တောင်သူ ထံမှသိရသည်။
သားကြီး(သရက်ချောင်း)