မြောင်းမြမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းစင်စေရန်အတွက် ကားဆိုင်ကယ်များ စည်းကမ်းနှင့် အညီ မောင်းနှင်ရန် စစ်ဆေးအသိပညာပေးခြင်းများဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့အဝင်ဂိတ်များ၊ လမ်းမကြီးများတို့တွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခတပ်မတော်၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ စည်ပင်သာယာရေး အဖွဲ့များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က (၇) လမ်းမကြီး၊ ခရိုင်တရားရုံးရှေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် မြောင်းမြမြို့နယ်အတွင်း ယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု လျော့နည်း ကျဆင်းရေးအတွက် မော်တော်ယာဉ်များ မောင်းနှင်သူများအား စည်းကမ်းနှင့် အညီ မောင်းနှင်ရန်၊ လမ်းမကြီး ပေါ်တွင် ယာဉ်များအချိန် ကြာမြင့်စွာ ရပ်နား ထားခြင်းများ မပြုလုပ်ရန်၊ လမ်းညွှန်အမှတ်အသား လိုက်နာရန်၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ် ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ လမ်းပြောင်းပြန် မစီးရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန် စသည့် လိုက်နာရမည့် စည်းကမ်းအချက်များ ရှောင်ကြဉ်ရမည့် အချက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)