ကလိန်အောင် စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် ဈေးကွက်ဝင် ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိနေကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။
ကလိန်အောင်မြို့တွင် မိုးမျှော်ငရုတ်သီးကို အဓိကထား၍ ရာသီမရွေးစိုက်ပျိုးလေ့ရှိကြပြီး ငရုတ်ပွမျိုးနှင့်အတောင့်ရှည်မျိုးကို ဆောင်းရာသီတွင် အဓိကထားစိုက်ပျိုးကြသည်။ ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်ပေါ်မူတည်ကာ လယ်ငရုတ်၊ ကိုင်းငရုတ်ဟူ၍ ခွဲခြားစိုက်ပျိုးကြကြောင်းသိရသည်။
"မနှစ်ကဆို ငရုတ်သီးနို့ဆီဘူး တစ်ဘူးကို ကျပ် ၁၈၀ မှ ၂၀၀ ကျပ်အထိဈေးရရှိတယ်၊ ဒီနှစ်ကျတော့ နို့ဆီဘူး တစ်ဘူးကို ကျပ် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ဈေးကောင်းရရှိတယ်" ဟု စိုက်ပျိုးတောင်သူတစ်ဦးကပြောသည်။
ငရုတ်ပင်စိုက်ပျိုးမည့်မြေအား ပေါင်းမြက်ကင်းစင် ကြေညက်သည်အထိပြုပြင်ရပြီး နွားချေး၊ မြေဆွေးစသည့် သဘာဝဓာတ်မြေသြဇာနှင့် ယူးရီးယား၊ တီစူပါ၊ ပိုတက်ရှ်မြေဩဇာများကို အချိုးကျ သမအောင်ရောမွှေ၍ မြေခံအဖြစ် ထည့်သွင်းစိုက်ပျိုးရကြောင်း၊ ကလိန်အောင်ဒေသထွက် ငရုတ်သီးများကို ထားဝယ်မြို့ကို အဓိကတင်ပို့ရောင်းချပြီး ကလိန်အောင်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင်လည်း ရောင်းချကြကြောင်း၊ ယခုနှစ်အတွင်း ငရုတ်သီးဈေးကောင်း ရရှိသဖြင့် ငရုတ်စိုက်တောင်သူများ မိသားစုဝင်ငွေတိုးပွား အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့