တမူး စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၉) နာရီအချိန်က ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းတို့ကို မြို့မဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်စေရေး၊ ကိုဗစ်-၁၉မျိုးကွဲသစ် ရောဂါ၊ မျောက်ကျောက်ရောဂါ၊ သံကောင်၊ တုတ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ၊ စနစ်တကျသွားတိုက်နည်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှု စစ်ဆေးပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းနှင့် ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တမူးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေး အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ အထွေထွေကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း၊ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာ