ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရွှေတောင်  စက်တင်ဘာ  ၁၄

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြအေး က လူကုန်ကူးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံနှင့် လူကုန်ကူးခြင်းခံရသည့် အခြေခံအကြောင်းအရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူလေးများက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူလေးများကို ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကျောင်းသုံးဗလာစာအုပ်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)