ထားဝယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ထားဝယ် စက်တင်ဘာ ၁၄

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီ ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်မင်းအုန်းက အိုဇုန်းလွှာပျက်စီးမှုလျှော့ချနိုင်ရေး ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ကျောင်းသားလူငယ်များ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ဦးစီးမှူး၊ ဦးသန်းဇော်ထွန်းက “မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ၃၅ နှစ်တာ အောင်မြင်မှုဖြင့် ကမ္ဘာပေါ်ရှိသက်ရှိများကိုကာကွယ်ရေး ကမ္ဘာလုံးနှင့်အဝှမ်း ပူးပေါင်း ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့် စပ်လျဉ်း၍လည်းကောင်း၊  အိုဇုန်းလွှာကို ထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတို့အတွက် သက်ရှိလူသားများ လိုအပ်သော အစားအစာနှင့် ဆေးဝါးများကို တာရှည်ခံသုံးစွဲနိုင်ရေး စွမ်းအင်ချွေတာသည့် အအေးပေးစနစ်ဖြင့် ထိန်းသိမ်းကြရမည့်အကြောင်းတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ ပန်းချီပြိုင်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့် ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်းမှ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ပန်းချီပြိုင်ပွဲအပြီးတွင် တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်မင်းအုန်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် ဗလာစာအုပ်၊ ရုပ်ပြကာတွန်းနှင့် လက်ကမ်းစာစောင်များကို ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ပေးအပ်ခဲ့သည်။

ပြိုင်ပွဲတွင် ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ကျင်းပမည့် တိုင်းဒေသကြီးအဆင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရ သည်။

ရွှေပင်လယ်(ထားဝယ်)