စလင်း စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လူစည်ကားရာနေရာဖြစ်သည့် မြို့မစျေးကြီးအတွင်းနှင့် စျေးလမ်းဆုံ မြို့အဝင်အထွက်ဖြစ်သည့် ဝက်သည်းကန်လမ်းဆုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask) များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းမှတပ်ဖွဲ့ဝင်များ၊ ပရဟိတစေတနာရှင်များက ပူးပေါင်းပါဝင်၍ အပြင်ထွက်ပါက နှာခေါင်းစည်း (Mask) များကို တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာနေထိုင်ကြရန် တစ်ဦးတစ်ယောက်ခြင်းစီအလိုက် ကျန်းမာရေးအသိစိတ်နှင့်အညီ ရောဂါကူးစက်မှုမရှိစေရေး သတိပြုနေထိုင်ကြရန်တို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးနှိုးဆော်ခဲ့ပြီး စျေးသွားစျေးလာပြည်သူများကို နှာခေါင်းစည်း (Mask) ၅၀၀ခုအား အခမဲ့ဖြန့်ဝေခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာများ သတိပေးမှုများအား နေ့စဉ် အဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်လွင်(ပြန်/ဆက်)